International News

ဗီယက်နမ်နိုင်ငံအစိုးရအဖွဲ့ခေါင်းဆောင်အနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များအား တန်ဖိုးထား

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား မဟာဗျူဟာမြောက်ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့်မိတ်ဖက်နိုင်ငံ(Comprehensive Strategic Partnership) များအဖြစ် စတင်ထူထောင်ခြင်းသည် ၂၀၂၂ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး အဆိုပါ အထိမ်းအမှတ်အား ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ရာ ရုရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ်အခမ်းအနားနှင့်အတူ ရောက်ရှိနေသည့် ရုရှားသံတမန်များနှင့် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ဘက်ပေါင်းစုံပူးပေါင်းလုပ်ဆောင်ရေးဆိုင်ရာဆွေးနွေးမှုကို ၆-၇-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၊ ဝန်ကြီးချုပ် Pham Minh Chinh သည် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအား လုပ်ငန်းနယ်ပယ်/ ကဏ္ဍတိုင်းတွင် ယခုထက်ပို၍ ပိုမိုနက်ရှိုင်းစွာ ထိထိရောက်ရောက် တိုးမြှင့်လုပ်ဆောင်သွားရန် လိုလားလျက်ရှိသည်ဟု ဗုဒ္ဓဟူးနေ့ (၆-၇-၂၀၂၂) တွင် ဟနွိုင်းမြို့တော်၌ ကျင်းပပြုလုပ်ခဲ့သော ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့်တွေ့ဆုံသည့် အစည်းအဝေး၌ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်သည့် ဗီယက်နမ်-ရုရှား မဟာဗျူဟာမြောက်ဘက် ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်နိုင်ငံများ (Comprehensive Strategic Partnership) အဖြစ် စတင်ထူထောင်ခြင်းအထိန်းအမှတ်အား နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာအားကောင်းသည့် နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်သွားရေး ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် သံတမန်အဖွဲ့ လာရောက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံအစိုးရအဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြီးခဲ့သည့် အတိတ်ကာလက ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမိတ်ဆွေနိုင်ငံများစွာမှ ဗီယက်နမ်နိုင်ငံအား တန်ဖိုးရှိသည့်အကူအညီ၊ အထောက်အပံ့များစွာ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးကပြောကြားရာတွင် ရုရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား ဒေသအတွင်းရှိအ‌ရေးပါသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် အစဉ်အမြဲ ထည့်သွင်းစဉ်းစားလေ့ရှိပြီး အနာဂတ်ကာလတွင် နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်လုပ်ဆောင်သွားမည်ဟု ဆန္ဒပြုပြောကြားခဲ့ပါသည်။

ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် လာရောက်လည် ပတ်ခဲ့စဉ်အခါက သဘောတူညီခဲ့ကြသည့် ထိပ်သီးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာသဘောတူညီချက် (High-Level Agreement) များအား အကောင်အထည်ဖော်ရေး တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြကြောင်းနှင့် လုပ်ငန်းနယ်ပယ်/ကဏ္ဍအားလုံးရှိ ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် အခိုင်အမာအတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

ထို့နောက် ဗီယက်နမ်နိုင်ငံ၊ ဝန်ကြီးချုပ်က နှစ်ဖက်နိုင်ငံများ၏ ဝန်ကြီးဌာနများနှင့် လုပ်ငန်းနယ်ပယ်များရှိ  ကုန်သွယ်မှု (Trade)၊ ရင်းနှီးမြှုပ်နှံမှု (Investment) နှင့် ပို့ဆောင်ဆက်သွယ်ရေး (Transport) ဆိုင်ရာ ကဏ္ဍများရှိ အဟန့်အတား/ အတား အဆီးများအား အဆောတလျင် ရှင်းလင်းဖယ်ရှားသွားရန် အဆိုပြုခဲ့ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် နှစ်နိုင်ငံအကြားစီးပွားရေးလုပ်ငန်းများစွာအတွက် သင့်လျော်ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးနိုင်ရေး ဗီယက်နမ်နိုင်ငံနှင့် ( ရုရှားနိုင်ငံ၊ ကိုင်ရှက်ရှ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဘဲလားရုဒ်နိုင်ငံနှင့်    အာမေးနီးယားနိုင်ငံတို့ ပါဝင်သော) Eurasia Economic Union-EEU တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) တစ်ရပ်ချုပ်ဆိုရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အဆိုပြုဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ကိုဗစ်-၁၉ကြောင့် ယာယီရပ်တန့်ထားခဲ့ရသည့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေး၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို ပြန်လည်စတင်သွားရန် အကြံပြုဆွေးနွေးခဲ့ပါသည်။

၂၄ ကြိမ်မြောက် စီးပွားရေး၊ ကုန်သွယ်မှုနှင့် သိပ္ပံနည်းပညာဆိုင်ရာ ဗီယက်နမ်-ရုရှား အစိုးရအချင်းချင်း  ပူးပေါင်းဆောင်ရွက်မှုကော်မတီ (Vietnam-Russia Intergovernmental Committee on Economic, Trade and Scientific-Technological Cooperation) အစည်းအဝေးကိုလည်း စီစဉ်ကျင်းပသွားရန် အဆိုပြုခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၊ အစိုးရအဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ယူကရိန်းနိုင်ငံအတွင်းမှ ဗီယက်နမ်နိုင်ငံသားများအား ဘေးကင်းရာသို့ ပြောင်းရွေ့ရန် တက်တက်ကြွကြွ ကူညီလုပ်‌ဆောင်ပေးခဲ့သည့်အတွက် ရုရှားနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ရုရှားသံတမန်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာတည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ဗီယက်နမ်နိုင်ငံ၏ ရပ်တည်မှု၊ အခန်းကဏ္ဍနှင့် တက်ကြွ၍ တာဝန်သိစွာပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကို လှိုက်လှဲစွာအသိအမှတ်ပြုပါကြောင်းနှင့် အရှေ့ပင်လယ်အရေး အငြင်းပွားမှုဆိုင်ရာကိစ္စအား နိုင်ငံတကာ ဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာသွားရန် သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၊ ဝန်ကြီးချုပ်က အနာဂတ်တွင် ရုရှားနိုင်ငံ၊ ဝန်ကြီးချုပ် Mikhail Mishustin အား ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။

 

 

 

( ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Source: Vietnam News

Category: International News